ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

28_pic04
နေပြည်တော် ဒီဇင်ဘာ ၂၇

နိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ လူမှုရေးဘဝများလုံခြုံရေးကို ထိပါးလာသည့်အခြေအနေများ ဖြစ်ပေါ်လာရသည့်အတွက် သက်ငယ်မုဒိမ်းမှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန်သိရှိသတင်းပို့တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသောကလေးသူငယ်များ လိုအပ်မည့် အကူအညီများအား အလျင်အမြန် ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ၁/၂၀၁၆ ကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကလေးသူငယ်အားလုံးအတွက် အဓိကအခွင့်အရေး ၄ ရပ်ကို လူ့အဖွဲ့အစည်းအတွင်း ဦးဦးဖျားဖျားရယူနိုင်ရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားဖော်ဆောင်ရန်အတွက် ဥပဒေ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ်ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဥပဒေအနေဖြင့် ကလေးသူငယ်ဥပဒေ ၁၉၉၃ နှင့် ကလေးသူငယ်နည်းဥပဒေ ၂၀၀၁ များကို ပြဌာန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်သစ်၊ စနစ်သစ်နှင့်အညီ ဒီမိုကရေစီစံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်အောင် ဝန်ကြီးဌာနမှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (မူကြမ်း) ကို ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း။
မကြာမီကာလများက လူမှုမီဒီယာများမှတဆင့်လည်းကောင်း၊ အခြားသော မီဒီယာများမှတဆင့်လည်းကောင်း ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်အမြတ်ထုတ်မှုဆိုင်ရာဖြစ်စဉ်များ၊ သက်ငယ်မုဒိမ်းမှုများအား ကြားသိလာရသဖြင့် နိုင်ငံအတွင်းရှိကလေးသူငယ်များ၏ လူမှုရေးဘဝများလုံခြုံရေးအတွက် ထိပါးလာသည့် အခြေအနေများ ဖြစ်ပေါ်လာရပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိခိုက်ခံစားရသည့် ကလေးသူငယ်များလိုအပ်မည့် အကူအညီများအား အလျင်အမြန်ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ထိုသို့လုပ်ဆောင်ရာတွင် Action Plan များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု အသိပညာပေးနိုင်ရေးအတွက် လက်ကမ်းစာစောင်များ၊ လူစည်ကားရာနေရာများတွင် BillBoard များထောင်ခြင်း၊ အင်္ကျီများတွင် သက်ငယ်မုဒိန်းမှုဆိုင်ရာ ရုပ်ပုံများပုံနှိပ်၍ ဖြန့်ဝေခြင်းများကို UNICEF နှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရက် ၁၀၀ အလွန်တွင်လည်း ပြည်သူလူထုမှ ပိုမိုယုံကြည်အားကိုးမှုရှိစေရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စီမံချက် (၁၁) ခု အားအကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယင်းစီမံချက် ၁၁ ခုအနက် အရွယ်မတိုင်မီ အလုပ်လုပ်ကိုင်နေရသည့် ကလေးများအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း ကနဦးစီမံချက်အား စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (မူကြမ်း)၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအကောင်အထည်ဖော်မှု ပဥ္စမနှင့် ဆဌမအကြိမ်ပူးတွဲအစီရင်ခံစာ ရေးသားရေးဆောင်ရွက်မှုအခြေအနေ၊ သက်ငယ်မုဒိန်းမှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ထားမှုအခြေအနေ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးဒေသဆိုင်ရာ စီမံချက် (EVAC) နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအခြေအနေ၊ ရက် ၁၀၀ နှင့် ရက ်၁ဝဝ အလွန်ပါ စီမံချက်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ကော်မတီ၏ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events