အရှေ့အာရှ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chauocha မှ အဖွင့်မိန့်ခွန်းပြောကြားကာ ဖွင့်လှစ်ပေးပြီးနောက် ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Police General Adul Saengsingkaew နှင့် ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာန ဝန်ကြီး Dr. Teerakiat Jareonsettasin တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် အရှေ့အာရှနိုင်ငံများဖြစ်သော အာဆီယံ (၁၀) နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ တီမောလက်(စ်)၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ အသီးသီးနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့မှ မိမိတို့နိုင်ငံအလိုက် မိသားစုဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်သော လူ့အဖွဲ့အစည်းဖော်ဆောင်နေမှု အခြေအနေများ၊ ကျား/မ တန်းတူညီမျှရေး ဆောင်ရွက်နေမှုများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မှီအောင်မြင်ရေး ဆောင်ရွက်သွားမည့်နည်းလမ်းများအား တင်ပြကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပြုမှု၊ နည်းဥပဒေနှင့် မူဝါဒများ ဖော်ဆောင်မှုနှင့် ကလေးသူငယ်ဘဝမှ သက်ကြီးရွယ်အိုအထိ မိသားစုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ၊ အရှေ့အာရှဒေသအတွင်းရှိ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။