မွေးကင်းစမှသည် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သောဘေးများ လျော့ပါးရေးနှင့် ဖြစ်ပေါ် လာပါကလည်း ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန် တုန့်ပြန်နိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်း သည် ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် လူငယ်များ၏ အင်အားများစွာလိုအပ်ပါကြောင်း၊ စေတနာနှင့် ကိုယ်ပိုင်အချိန်ပေးပြီး ဝန်ကိုထမ်းရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သော လူမှုကာကွယ် စောင့်ရှောက်ရေး နှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း (၁/၂၀၁၆) ဖွင့်ပွဲအခမ်း အနား၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှ သင်တန်းသား (၈၀)ဦးတက်ရောက်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးသို့ တက် ရောက်၍ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် အကောင် အထည်ဖော်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်မှစ၍ အကောင် အထည်ဖော်မည့် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ပေးရေး အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစ်များအား အလေးထားဆောင်ရွက်ရန် မှာကြား ခဲ့ပါသည်။ညနေပိုင်းတွင် နေပြည်တော်၊ Hotel Max ၌ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ မျိုးသိမ်းကြီး၊ လုပ်ငန်းကော်မတီဝင်များ၊ မူကြမ်းရေးဆွဲရေး အဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက လူငယ်များရဲ့ အမြင်၊ သဘောထား၊ ခံယူချက်များကို လူကြီးများရဲ့ အတွေ့အကြုံများ၊ အကြံပြုချက်များနှင့်ပေါင်းစပ်ကာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှု များမှတဆင့် ပြည့်စုံကောင်းမွန်သော လူငယ်မူဝါဒ မူဘောင်ကြမ်းကို ရရှိနိုင်မှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့လည်း လူငယ်များရဲ့ ဆန္ဒ၊ အကြံပြုချက်များကို အလေးထား ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ် မြန်မာနိုင်ငံ၏ တာဝန်များကို လက်ဆင့်ကမ်း အမွေဆက်ခံဆောင်ရွက်ရမည်ဖြစ်သဖြင့် လူငယ်မူဝါဒသည် ယနေ့လူငယ်များအား အမှန် တကယ် လက်တွေ့အသုံးချနိုင်သော လမ်းညွှန်ချက်များဖြစ်ရန် ကြိုးစားရေးဆွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီးတို့က လူငယ်မူဝါဒသည် နိုင်ငံအတွက် အရေးကြီးသော မူဝါဒဖြစ်ပါကြောင်း၊ စစ်မှန်ပြီး လက်တွေ့ကျသော မူဝါဒဖြစ်ရေး လူငယ်များ ကိုယ်တိုင် ဒေသအလိုက် ရေတိုရေရှည် ဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ရေးဆွဲရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ မူဝါဒများနှင့် ဆက်စပ်ဆောင်ရွက်၍ရအောင် ရေးဆွဲစေလိုကြောင်း၊ လူငယ်များနှင့် ဝန်ကြီးဌာန များအကြား တာဝန်ခံ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွား ကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်မူဝါဒရေးဆွဲရေး ပြည်တွင်း အကြံပေးပုဂ္ဂိုလ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များကိုယ်စား လူငယ်ကိုယ်စားလှယ် တစ်ဦးမှ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ထိုလူငယ်မူဝါဒကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။