၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (၂/၂၀၂၆)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
၁။ “မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့ အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့ တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ပါသည်။”
အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြု နေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။