နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးလျက် ပြည်သူများ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များတွင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်သော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများတက်ရောက်ကြပါသည်။ ထို့နောက်တက်ရောက်လာကြသူများက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
ခရီးစဉ်အတွင်း နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ကရင်ပြည်နယ် မြဝတီခရိုင်ရှိဆုံဆည်းမြိုင်ကျေးရွာသို့ရောက်ရှိကြရာ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)မှ ဗိုလ်ချုပ်ကြီး စောမိုရှေးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပါသည်။ ထို့နောက်ကျေးရွာအတွင်းဖွင့်လှစ်ထားရှိသော လူမှုဝန်ထမ်းဦးစီးဌာနက လှူဒါန်းထားသည့် မူလတန်းကြိုကျောင်း အခြေအနေ၊ မူးယစ်ဆေးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကျေးရွာအတွင်း ရေ၊မီးရရှိမှုနှင့် လမ်းပန်းဆက်သွယ်မှုကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးကြပြီး (၂၂) နှစ်မြောက် (DKBA) တပ်မတော်နေ့ အကြိုစစ်ရေးပြလေ့ကျင့်မှုများကို လေ့လာ ကြည့်ရှုကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးကေကော်ကျေးရွာအနီးရှိ မူးယစ်ဆေးစွဲသူများကို ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဆောက်အဦဆောက်လုပ်မည့် မြေနေရာလျာထားမှုအခြေအနေ၊ မြဝတီမြို့တွင်းရှိ ကြိုဆိုလက်ခံရေးစခန်း၊ မူးယစ်ပြန်လည်ထူထောင်ရေးစခန်းနှင့်ခရိုင်ကယ်ဆယ်ရေး ဦးစီးဌာနရှိ သိုလှောင်ရုံတို့လှည့်လည် ကြည့်ရှုပြီး လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။