၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
၁။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အနောက် ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မန်နာပင်လယ် ကွေ့သို့ ရောက်ရှိခဲ့ကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ် အားလျော့သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက် သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
၂။ ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။