၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆)” ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်-
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင် ဘက် ရေမိုင် ၈၄၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee)၏ အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၇.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၃.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းခြေကို ထရီကိုမာလီမြို့ (Trincomalee) နှင့် ဂျက်ဖ်နာမြို့ (Jaffna) တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။