အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၆)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၅/၂၀၂၆)” ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်-

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၅/၂၀၂၆)

(က)   အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အနောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၇၃၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့တောင်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၄၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

( ခ )   အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၅.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၄.၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။

( ဂ )   နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း သီရိလင်္ကာနိုင်ငံအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

Sign Up

Upcoming Events