၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၄/၂၀၂၆)” ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်-
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်း သောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၇၁၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၉၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၅.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅.၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း သီရိလင်္ကာနိုင်ငံအနီးသို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။