မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၆)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၆)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

(က)    မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၁၃:၀၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၅၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ မြို့(Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့တောင် ဘက် ရေမိုင် ၆၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (၂)     မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

( ခ )   မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၃:၀၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၅.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၇.၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်ပါသည်။

 ( ဂ )   နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

Sign Up

Upcoming Events