၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေသတင်းအမှတ်စဉ် (၂၁/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း အမှတ်စဉ်(၂၁/၂၀၂၅)
၁။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်း၊ ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ပူဒူချယ်ရီမြို့အနီးမှ ဖြတ်ကျော်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ် အားလျော့သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်တောင် ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ် ကုန်းတွင်းပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
၂။ ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” (DITWAH) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။