၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “မုန်တိုင်းငယ်သတင်းအမှတ်စဉ် (၁၈/၂၀၂၅)”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
မုန်တိုင်းငယ်သတင်းအမှတ်စဉ် (၁၈/၂၀၂၅)
(က) မုန်တိုင်းငယ်အခြေအနေ
(၁)ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် အနောက်တောင်ဘက်သို့ ပြန်ကွေ့ကာ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်ဘက် ရေမိုင် ၇၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry)၏ မြောက်- အရှေ့မြောက်ဘက် ရေမိုင် ၇၀ မိုင်ခန့်နှင့် ချင်းနိုင်မြို့(Chennai)၏ အရှေ့ တောင်ဘက် ရေမိုင် ၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၂.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၀.၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၅ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာဆက်လက်ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း- ပူဒူချယ်ရီ ကမ်းခြေတို့သို့ ဦးတည်ရွေ့လျားနိုင်ကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။