ဆိုင်ကလုန်းမုန်တိုင်း သတင်း အမှတ်စဉ်(၀၅/၂၀၂၅)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၅/၂၀၂၅)”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

ဆိုင်ကလုန်းမုန်တိုင်း သတင်း အမှတ်စဉ်(၀၅/၂၀၂၅)

 (က)   ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ (DITWAH) အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ(DITWAH) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Tricomalee)အနီးကို ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း  “ဒစ်ဝါသည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက် တောင်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry) ၏ အရှေ့တောင်ဘက် ရေမိုင် ၂၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)     ဆိုင်ကလုန်းမုန်တိုင်း “ ဒစ်ဝါ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     ဆိုင်ကလုန်းမုန်တိုင်း “ ဒစ်ဝါ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၈.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၁.၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။

 (ဂ)    နောက် ၇၂ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”၏အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ”၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Sign Up

Upcoming Events