၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၅)”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၅)
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၈၀၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Tricomalee) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၆.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၂.၁ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၆၀ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပါသည်။ ထိုမှတစ်ဆင့် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။