၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ် (၀၅/၂၀၂၅)”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၅/၂၀၂၅)
(က) ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”(SENYAR) အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အင်ဒိုနီးရှားနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ” (SENYAR)သည် တောင်-အရှေ့တောင်ဘက်သို့ကွေ့ကာ ရွေ့လျားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားတို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung)၏ တောင်ဘက် ရေမိုင် ၃၆၀ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့(Penang)၏ အနောက်တောင်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့(Kuta Makmur)၏ အရှေ့ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့(Car Nicobar)၏ အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း“ဆန်ယာ”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၄.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၈.၅ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၉ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် နောက် ၂၄ နာရီအတွင်း အရှေ့တောင် ဘက်သို့ ရွေ့လျားနိုင်ပြီး မလက္ကာရေလက်ကြားတွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”၏အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။