မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၅)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၅)”ကိုအောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်-

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၅)

(က)   မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါ သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၈၀၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ မြို့(Tricomalee)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်နှင့် အိန္ဒိယ နိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၅.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၂.၆ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၁၀၀၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်ပါသည်။

 (ဂ)     နောက် ၆၀ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်ပါသည်။ ထိုမှတစ်ဆင့် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်း လာနိုင်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေတို့သို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

Sign Up

Upcoming Events