၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၄/၂၀၂၅)”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၄/၂၀၂၅)
(က) ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ” (SENYAR) အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မလက္ကာရေလက်ကြားနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ဆန်ယာ” (SENYAR) သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံကမ်းခြေဒေသများကို စတင်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့(Penang)၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၁၅၅ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့(Kuta Makmur)၏ အရှေ့ဘက် ရေမိုင် ၄၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့ (Car Nicobar)၏ အရှေ့တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း“ဆန်ယာ”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၄.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၈ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် ၂၇-၁၁-၂၀၂၅ ရက်နေ့နံနက်ပိုင်းအထိ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ထိုမှတစ်ဆင့် အရှေ့ဘက်သို့ ပြန်ကွေ့ကာ တစ်ဖြည်းဖြည်းအားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”၏အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
Source: DMH