၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
“ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။”