နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများနှင့် ဆေးဝါးများအားငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

         ၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့် ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်၊ အလှူရှင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေး လျက်ရှိရာ ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အခြေအနေကို ၁၀-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

     ယခုအခါ ဇွန်လ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်အတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ Singapore Lotus Light Charity Society ၊ Singapore Buddha Dhamma Mandala Society နှင့် Love and Care Charity Group ၊ ထိုင်းနိုင်ငံရောက် စေတနာရှင်များတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ Sleeping Bags ၊ စားသောက် ကုန်၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများကို ဘေးသင့်လူဦးရေ အချိုးအစား အပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲ ပေးပို့ပြီး ဖြစ်ပါသည်။

          ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲ ပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၆ စီး၊ စစ်ကိုင်းတိုင်း‌ဒေသကြီး သို့ မော်တော်ယာဉ် ၃၃ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၃ စီး၊ မော်တော် ယာဉ် ၁၁၂ စီးဖြင့် စုစုပေါင်း တန်ချိန် ၂၄၃၅ ခန့်ဖြစ်ပါသည်။

      နိုင်ငံတကာအလှူရှင်များက ၁၁-၆-၂၀၂၅ ရက်နေ့မှ ၂၃-၆-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများအား ဘေးသင့်ပြည်သူများ အတွက် ဖြန့်ခွဲပေးပို့နိုင်ရေး  ဆောင်ရွက်ထားရှိမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။

        ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံး ရောက်ရှိဖြန့်ခွဲမှုတို့ကို ၂ ပတ်လျှင် ၁ ကြိမ် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Sign Up

Upcoming Events