အမျိုးသမီးများအခွင့်အရေးအပြည့်အဝရရှိရေးနှင့်ဘဝလုံခြုံဖွံ့ဖြိုးမှု ရရှိစေရေးဆောင်ရွက်ပေး

 

နေပြည်တော် ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံရဲ့လူဦးရေ ၅၁.၄၁ သန်းအနက် ၅၁.၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး နိုင်ငံ၏လူဦးရေဖွဲ့စည်းမှုပုံစံအရအမျိုးသမီးများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်သဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်နိုင်ဖို့နဲ့ အခွင့်အရေးအပြည့်အဝရရှိဖို့အတွက် အဓိကဦးစားပေးနယ်ပယ်(၁၂)ရပ် ပါဝင်သည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကိုရေးဆွဲခဲ့ပြီးမဟာဗျူဟာ(၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးနယ်ပယ်တစ်ရပ်ဖြစ်သည့် အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်နယ်ပယ်ကိုသဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့်လိုက်လျောညီထွေဖြစ်အောင် တုန့်ပြန်ဆောင်ရွက်မှုများတွင် အမျိုးသမီးများပါဝင်နိုင်စေရေးဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်းယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Hotel ၌ ကျင်းပပြုလုပ်သည့် အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအားဆန်းစစ်လေ့လာမှု စာတမ်းမိတ်ဆက်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိရာအမျိုးသမီးများအတွက်လည်းကဏ္ဍပေါင်းစုံကထည့်သွင်းစဉ်းစားဆောင်ရွက်ပေးလျက် ရှိပြီးယနေ့မိတ်ဆက်သည့် ဆန်းစစ်လေ့လာမှုစာတမ်းသည် ၂၀၁၅ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများအပါအဝင် သဘာဝဘေးဖြစ်ပွားချိန်တွင် အမျိုးသမီးများ၏ လိုအပ်ချက်များ၊ ခံနိုင်ရည်ရှိမှုများ၊ ကျားမရေးရာအခွင့်အရေးများကို ပြည်သူများသိရှိနိုင်စေရန် လေ့လာသုတေသနပြုထားရှိပြီးအမျိုးသမီးများ၏ အခွင့်အရေးအပြည့်အဝရရှိရေးနှင့် ဘဝလုံခြုံဖွံ့ဖြိုးမှုရရှိရေး ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကိုဝိုင်းဝန်းဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်  ပြည်ထောင်စုဝန်ကြီးကတိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျား၊မတန်းတူညီမျှရေးကွန်ယက်မှ တွဲဘက်သဘာပတိမှ ကြိုဆိုနှုတ်ခွန်းဆက် ပြောကြားပါသည်။ ဆက်လက်၍ အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအားဆန်းစစ်ခြင်းမှ အဓိကရှာဖွေတွေ့ရှိချက်များနှင့် အကြံပြုချက်များအားတာဝန်ရှိသူမှ တင်ပြခဲ့ပြီး” Little Raindrop” မိုးစက်ငယ်လေးများအမည်ရှိသရုပ်ဖော်ကာတွန်းဗီဒီယိုပြသခဲ့ကာတက်ရောက်လာသူများမှ ဝိုင်းဝန်းမေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါမိတ်ဆက်ပွဲသို့ ဆက်စပ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် Gender Equality Network မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events