၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေး ချက်အမှတ်စဉ် (၇/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
“ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ (၂၇-၂-၂၀၂၅) ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။