၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်အမှတ်စဉ် (၆/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ (၂၇-၂-၂၀၂၅) ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။