လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံမှုသတင်း

m2

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (၉-၁၂-၂၀၁၆) နံနက် (၉)နာရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့်တိုက်ဖျက်ရေးရုံးမှ  H.E. Ms. Susan Coppedge နှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel လိုက်ပါလျက် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလူကုန်ကူးခံရသူများအား ပြန်လည်ခေါ်ယူရေးလုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေး ဌာနများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူစောင့်ရှောက်မှုများ၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေး နှင့်နောက်ဆက်တွဲ စောင့်ရှောက်မှု အစီအစဉ်များကို အစိုးရမဟုတ်သော မိတ်ဘက်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager)များ (၄၂)မြို့နယ် တွင် ဖြန့်ခွဲထားရှိမှုအခြေအနေများ၊ လူကုန်ကူးခံရသူများ ပြန်လည်ခေါ်ယူရေး၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့်လမ်းညွှန်ချက်များ၊ စံလုပ်ငန်းအစီအစဉ်များ၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ်ထုတ်ဝေပြီးစီးမှုအခြေအနေများ၊ အမေရိကန်နိုင်ငံ၏ အတွေ့အကြုံများ၊ သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြပြီး စွမ်းဆောင်ရည် မြှင့်တင်ရေး လိုအပ်ချက် များ ညှိနှိုင်းဆွေးနွေးခဲ့ ကြပါသည်။

ထို့နောက် နံနက်(၁၀)နာရီအချိန်တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည်  ပြည်ထောင်စုဝန်ကြီး အား လာရောက်တွေ့ဆုံရာတွင် ၎င်းတို့အသင်းမှ ဆောင်ရွက်နေသည့် အကျဉ်းထောင်မှ လွတ်မြောက်လာ သောနိုင်ငံရေးအကျဉ်းသားများနှင့် ညှင်းပန်းနှိပ်စက်ခံရသူများအား စိတ်ပိုင်းဆိုင်ရာအားပေး မြှင့်တင်မှု လုပ်ငန်းများ၊ အကျဉ်းကျခံဆဲ နိုင်ငံရေးအကျဉ်းသားများအတွက် ဥပဒေပိုင်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေ သည့်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်စိတ်လူမှုထောက်ပံ့မှု နှင့်သက်ဆိုင် သောသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ နံနက်(၁၁)နာရီအချိန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) Myanmar အဖွဲ့မှ Mr. Keiichiro NAKAZAWA ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံရာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ မြန်မာနိုင်ငံတွင် သဘာဝဘေး စီမံခန့်ခွဲမှုနှင့်ဆက်စပ်သည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသို့ ဂျပန်နိုင်ငံမှ သဘာဝဘေးစီမံခန့်ခွဲမှု ကျွမ်းကျင်သူ(၁)ဦး စေလွှတ်ရေးကိစ္စ၊ ဂျပန်နိုင်ငံ၏ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ရန်ကိစ္စနှင့် JICA နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသော လူကုန်ကူးခံရသူများ အား အကာအကွယ်ပေးရေးစီမံချက် ဒုတိယအဆင့်တွင် လူကုန်ကူးခံရသူများအား အကူအညီပေးရေး လုပ်ငန်းစဉ်များဆောင်ရွက်ရန်၊ နားမကြားသူများအတွက် လက်သင်္ကေတ အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events