ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရန် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပမှုသတင်း

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့်နိုင်ငံတကာ အသင်းအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန်အတွက် ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်မြို့မိမြို့ဖများ တက်ရောက်ခဲ့ပါ သည်။
ပထမဦးစွာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ လက်ရှိဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက်အဖွဲ့ဝင်များက ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် လက်ရှိဖြစ်ပွားနေသော အချိန်ကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို တင်ပြကြပါသည်။
ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးနှင့်လွတ်လပ်မှုကို မျှတမှုရှိရန် ကြိုးစားညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စည်းစနစ်ကျစွာ ဆောင်ရွက်ခြင်း၊ ပွင့်လင်း မြင်သာမှုရှိအောင် ဥပဒေနှင့်အညီဆောင်ရွက်ခြင်းနှင့် မျှတစွာဆောင်ရွက်ခြင်းတို့သည် အလေးထားရမည့် အချက်များဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးလျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများသည် နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြားပဋိပက္ခများ လျော့နည်းစေရန်လည်း ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ အထောက်အပံ့ပေးမှုတစ်ခုတည်း အပေါ်တွင် တည်မှီနေခြင်းထက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်အောင် မိမိတို့အစိုးရ အဖွဲ့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုကဲ့သို့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင် များတွေ့ဆုံခြင်းသည် ပြသနာရပ်များအပေါ် လက်တွေ့ကျကျဖြေရှင်းခြင်း နည်းလမ်းတစ်ခု ဖြစ်ကြောင်းနှင့် ပိုမိုကောင်းမွန်သော အဖြေများရရှိရန်အတွက် ကောင်းမွန်သော နည်းလမ်းများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူ များလိုက်ပါလျက် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် စီစဉ်ထားသော လုပ်ငန်းများအလျင်အမြန် အကောင်အထည်ဖော်ရေး ကွင်းဆင်းကြည့်ရှုပြီး ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့၊ ကျားမသောက်ကျေးရွာရှိ ရွှေကျား ရခိုင်ရက္ကန်းရုံသို့ ဝင်ရောက်လေ့လာကြည့်ရှုကာ ဒေသခံများ အလုပ်အကိုင်ရရှိရေး လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများ ကိုဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events