၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
“ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် (၁၂) နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင် ပြီး၊ (၃၆) နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊”