၂၀၁၆ ခုနှစ် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက် လေ့ကျင့်ခန်းအလုပ်ရုံဆွေးနွေးပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ Hilton Hotel တွင် ဒီဇင်ဘာလ (၆) ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel မှ အမှာစကားပြောကြားခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Scot Marciel၊ အမေရိကန်စစ်တပ် အာရှပစိဖိတ်ကွပ်ကဲရေးဌာနချုပ်မှ ဗိုလ်မှူးကြီး Peter Andrysiak တို့မှအမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းနိုင်ငံ များဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ်အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၁၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၃ ခုနှစ်တွင် ကမ္ဘောဒီယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၁၅ ခုနှစ်တွင် လာအိုနိုင်ငံတို့တွင် ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒီဇင်ဘာလ (၆) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများမှ အဆင်မြင့်အရာရှိ (၆၀) ဦးအပါအဝင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။