၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ဆိုင်ကလုန်းမုန်တိုင်း“ဖန်ဂယ်လ်” (FENGAL) သတင်း အမှတ်စဉ် (၁၄/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
(က) ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်” (FENGAL)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမို အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်” (FENGAL) အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၆၈၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်နှင့် ပူဒူချယ်ရီမြို့ (Puducherry)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့်ဖြစ်ပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း“ဖန်ဂယ်လ်”၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့် ဟု သတ်မှတ်ပါသည်။
(ခ) ခန့်မှန်းချက်
(၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၃၀-၁၁-၂၀၂၄) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေကို ပူဒူချယ်ရီမြို့ (Puducherry) အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၂) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်”၏အရှိန်ကြောင့် ယနေ့ညမှ (၃၀-၁၁-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။