၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA)သတင်း အမှတ်စဉ် (၁၂/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း“ဒါနာ”(DANA) သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မုန်တိုင်း၏အဝန်းအဝိုင်းသည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့ (Puri)နှင့် ဆာဂါကျွန်း (Sagar Island) တို့ အကြား ဒမ်မရာမြို့ (Dhamara)အနီးမှ ဖြတ်ကျော်လျက်ရှိကာ၊ ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကုန်းတွင်းပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။
(ခ) ခန့်မှန်းချက်
(၁) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက် (၁၂) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။
အကြုံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။