အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA)သတင်း အမှတ်စဉ် (၀၉/၂၀၂၄)

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ (DANA) သတင်း အမှတ်စဉ် (၀၉/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

(က)    အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ (DANA)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)  “ဒါနာ (DANA) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ ဂွမြို့ (Gwa) ၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့ (Dhamara) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား ၉၉၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၅၅ မိုင် မှ  ၆၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။

(၂)      အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     ခန့်မှန်းချက်

(၁)     အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ (၂၅-၁၀-၂၀၂၄) ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေ တို့ကို ပူရီမြို့ (Puri)နှင့် ဆာဂါကျွန်း (Sagar Island) တို့အကြား ဒမ်မရာမြို့ (Dhamara) အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၂)      အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ၏အရှိန်ကြောင့် ယနေ့ နံနက်မှ နောက် (၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

(၃)     မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၅ ပေခန့်ရှိနိုင်ပါသည်။

အကြုံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

 

Sign Up

Upcoming Events