၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၄/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်း သောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်ဘက် ရေမိုင် ၂၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း (Sagar Island) ၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက် လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ခန့်မှန်းချက်
(၁) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ (၂၃-၁၀-၂၀၂၄) ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်း လာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ (၂၅-၁၀-၂၀၂၄) ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းနှင့်အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကိုပူရီမြို့(Puri)နှင့် ဆာဂါကျွန်း (Sagar Island) တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၂) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ (၂၄-၁၀-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊အချို့ဒေသများ တွင်ဒေသအလိုက်မိုးကြီးခြင်း၊နေရာကွက်၍မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
(၃) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၅ ပေခန့် ရှိနိုင်ပါသည်။
အကြုံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။