လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဧပြီလ (၈) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Gautam Mukhopadhaya အား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံအမျိုးသားသဘာ၀ဘေးစီမံခန့်ခွဲမှုဥပဒေပြဌာန်းထားရှိမှုနှင့် နည်းဥပဒေပါလုပ်ငန်းများ၊ အရေးပေါ်အခြေအနေကွပ်ကွဲမှုဗဟိုဌာနဖွင့်လှစ်ထားရှိမှု၊ လှုမှုကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များ၊ အသက် (၁၀၀) နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ပေးနေမှုဆိုင်ရာကိစ္စရပ်များ၊ လူမှုစောင့်ရှောက်ရေးနှင့် သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ်သင်တန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စက်တင်ဘာလတွင် ဖွင့်လှစ်မည့် ဟင်္သာတမြို့သဘာ၀ဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် အိန္ဒိယနိုင်ငံမှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အဖွဲ့စည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
မွန်းလွဲ (၂) နာရီအချိန်တွင် မေခလာခန်းမ၌ ဒုတိယ၀န်ကြီးဦးဘုန်းဆွေနှင့်အတူ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်း (၉) ဖွဲ့တို့ အတူလက်တွဲဆောင်ရွက်နေသည့် ဒေသတွင်းရွေ့ပြောင်းနေရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မူကြမ်း (Draft agreement of Nationwide Ceasefire) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သောကြောင့် ဒေသတွင်းပြောင်းရွှေ့နေသူများ (Internally displaced persons – IDP) များအတွက် မူလနေရာပြန်လည်နေရာချထားရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်စပ်လျက်ရှိသည့် အစိုးရ၀န်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည့်စီမံချက်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
မွန်းလွဲ(၃)နာရီအချိန်၌ အဆိုပါ၀န်ကြီးရုံး၊ စုပေါင်းခန်းမ၌ ၀န်ကြီးဌာနအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး “နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှင့် ၀န်ထမ်းလစာနှုန်းသစ်တိုးမြှင့်ပေးခြင်း” တို့အား ရှင်းလင်းပြောကြားရာတွင် ပြောင်းလဲရေးလုပ်ငန်းစဉ်များအဖြစ် ပထမအဆင့် (First Wave)၊ ဒုတိယအဆင့် (Second Wave) နှင့် တတိယအဆင့် (Third Wave) အရှိန်အဟုန်မြှင်တင်မှုလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးလုပ်ငန်းစဉ်များအဖြစ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ မကြာခင်ကျင်းပါတော့မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၀န်ထမ်းများအနေဖြင့် ပြည့်သူ့၀န်ထမ်းစိတ်ဓါတ်ပီသမြင့်မားနေဖို့နဲ့ မိမိအကူအညီပေးရမည့်သူကို ဗဟိုပြုပြီး (People Center) စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ပြုပြင်သင့်သည့် စိတ်ဓါတ်နှင့် အလေ့အကျင့်တွေကို ပြုပြင်သွားပြီး ကောင်းမွန်တဲ့စိတ်ဓါတ်နဲ့ အလေ့အကျင့်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ တိုးမြှင့်ခံစားရမည့် လစာနှုန်းသစ်များနှင့်အညီ သက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအနေနဲ့ မိမိတို့ရဲ့ စေတနာ၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့ကို လိုက်လျောညီထွေ တိုးမြှင့်ပေးကြပါလို့ မှာကြားတိုက်တွန်းလိုပါကြောင်း စသည်ဖြင့် အကျယ်တ၀င့် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။