နေပြည်တော်၊ နိုဝင်ဘာလ(၂၂)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား သြစတြီးယားဘဏ် အဖွဲ့အစည်းမှ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးထွန်းအောင် ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ သြစတြီးယားကုမ္ပဏီများမှ ထုတ်လုပ်သော မီးသတ်ယာဉ်များ၊ သဘာဝဘေးအန္တရာယ်များမှ ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများ၊ သြစတြီးယားကုမ္ပဏီများမှ မသန်စွမ်းသူများ အတွက် နည်းပညာအထောက်အကူပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ အကြောင်းအားလည်းကောင်း၊ သြစတြီးယားဘဏ်မှ တာဝန်ရှိသူများက သြစတြီးယားနိုင်ငံ အတိုးမဲ့ချေးငွေနှင့်ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပသည်။
ထို့နောက် နံနက် ( ၁၀:၃၀ ) နာရီအချိန်တွင် ဗြိတိန်နိုင်ငံ၊ University of Wolverhampton (UK) မှ တွဲဖက်ဌာနမှူးဖြစ်သူ Dr. Anne Hollishead ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ပြီးခဲ့သော (၅) နှစ်ကာလအတွင်း United Kingdom နိုင်ငံမှ University of Wolverhampton (UK)၊ မြန်မာနိုင်ငံအထူးပညာရေးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ မသန်စွမ်းကလေးငယ်များ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်းမရှိဘဲပညာသင်ကြားရေး၊ လူ့အဖွဲ့ အစည်းအသိုက်အဝန်းထဲဝင်ဆန့်ရေးအတွက် ဝန်ဆောင်မှုများအား တစ်စုတစ်စည်းတည်း ပေါင်းစည်းပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သုတေသနစင်တာနှင့်ပူးပေါင်း၍ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။