လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှုအထောက်အပံ့များကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယနေ့ကျင်းပသော စစ်တွေမြို့ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုက အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လတ်တလောဖြစ်ပေါ်နေသော အခြေနေများနှင့်ပတ်သက်ပြီး အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နေကြောင်း၊ ကြုံတွေ့ခံစားနေရသောအခက်အခဲကို မကြီးထွားစေဘဲ သတိကြီးစွာဖြင့် ဆောင်ရွက်ကြရန်၊ လတ်တလောလိုအပ်နေသာ စားဝတ်နေရေးအခက်အခဲများကို ဖြည့်တင်းပေးနိုင်ရန် အရေးကြီးကြောင်း၊ လက်လှမ်းမမီသောဒေသများသို့ မည်ကဲ့သို့ ထောက်ပံ့ပေးနိုင်မည်ကို အဖွဲ့ပေါင်းစုံက ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ မူလဆောင်ရွက်နေသော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ထိခိုက်မှုမရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ဆောင်ရွက်မှုများအတွက် မှတ်တမ်းများထားရှိရန်လိုအပ်ကြောင်းပြောကြားပါသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသော အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ထို့နောက် ရခိုင်ပြည်နယ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း (၇၀၀)၊ မောင်တောဒေသမီးစက်များ မောင်းနှင်ရန်အတွက် စက်သုံးဆီဘိုး (၂၃၈၂၀၃၀၀) ကျပ်နှင့် မာန်အောင်မြို့နယ်အတွင်း တည်ဆောက်မည့် မုန်တိုင်းဒဏ်ခံအဆောက်အဦနှစ်လုံးအတွက် (၂၅၉၁၆၀၀၀၀) ကျပ်တို့ကို ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြပါသည်။
အစည်းအဝေးသို့ ရခိုုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်နှင့် တာဝန်ရှိသူများ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။