တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များနှင့် လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

 

19_pic01

၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့်  လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များအနေနဲ့ ဒီအခြေအနေရောက်အောင် အများကြီးဖြတ်သန်းခဲ့ရကြောင်း၊ အစိုးရသစ်စတင်တာဝန်ထမ်းဆောင်ကတည်းက လူငယ်တွေအရေးကို ဦးစားပေးအနေနဲ့ဆောင်ရွက်ရမည်ဟု သဘောထားခဲ့သည့်အတွက် ရက် (၁၀၀) စီမံချက်၏ထိပ်ဆုံးစီမံချက်အနေဖြင့် လူငယ်မူဝါဒရေးဆွဲရေးကို ထည့်သွင်းရေးဆွဲခဲ့ပါ ကြောင်း၊ လူငယ်မူဝါဒရေးဆွဲရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်ပညာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းဆောင်ရွက်ရမည့်ဝန်ကြီးဌာန (၃) ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ Focal Ministry အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားပြုလူငယ်ရရှိရန်ခက်ခဲသော်လည်း အတတ်နိုင်ဆုံးရရှိရန်ကြိုးစားခဲ့ကြောင်း၊ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ လူငယ်ဖိုရမ်များ၊ အစည်းအဝေးများကျင်းပပြီး လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ခဲ့သဖြင့် ဂုဏ်ယူပါကြောင်း၊ လူငယ်မူဝါဒသည် လူငယ်တွေကိုယ်တိုင်ရေးဆွဲထားသည့်ပေါ်လစီဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ပေါ်လစီလည်းဖြစ်ကြောင်း၊ မတူတဲ့အမြင်တွေ ပေါင်းစပ်ပြီးကောင်းသောရလဒ်တစ်ခု ထွက်ပေါ်လာဖို့ လုပ်ဆောင်နိုင်ခဲ့ကြပြီလို့ ယူဆပါကြောင်း၊ မူဝါဒတစ်ခုပေါ်ပေါက်လာလျှင် လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးနိုင်ဖို့လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနများအနေနဲ့လည်း လူငယ်မူဝါဒအမြန်ဆုံးထွက်ရှိရန် ကူညီသွားမှာဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ ကူညီရန်အတွက် National Consultant လည်းရှိနေပြီဖြစ်ကြောင်း၊ လူငယ်များ၏အတွေးအခေါ်အယူအဆများကို ထည့်သွင်းရမှာဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် All Inclusive ဖြစ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ရလဒ်ကောင်းများရရှိပြီး လူငယ်မူဝါဒကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီးမှလည်း လူငယ်မူဝါဒရေးဆွဲတာကို ကြိုဆိုပါကြောင်း၊ ရလဒ်ကိုဦးတည်ရမှာဖြစ်သလို အားလုံးပါဝင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များအနေနဲ့ လူငယ်မူဝါဒကို ကိုယ်တိုင်ရေးဆွဲရမှာဖြစ်ပြီး အထူးသဖြင့် ကျားမရေးရာ၊ ဝင်ငွေနှင့် နေရာဒေသမတူညီမှုများရှိနေသော်လည်း သာတူညီမျှဖြစ်ရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ပညာအရည်အသွေးပြည့်ရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် မသင်မနေရပညာရေးစနစ်ကို ကျင့်သုံးနေသော်လည်း ကျောင်းထွက်မှုနှုန်းမြှင့်မားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အတန်းပညာသာမက TVET (သက်မွေးသင်တန်းများ) ကိုပါ သင်ကြားပေးပြီး ကျွမ်းကျင်လုပ်သား အဆင့်ရအောင်လေ့ကျင့် သင်ကြားပေးသွားရမည်ဖြစ်ကြောင်းနှင့် အနာဂတ်လူငယ်များ၏ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ထည့်သွင်းစဉ်းစား၍ လူငယ်မူဝါဒကို ရေးဆွဲစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ လူငယ်မူဝါဒပေါ်ပေါက်လာရေးအတွက် လူငယ်ထုအကြား စည်းလုံးညီညွတ်မှု၊ အားကောင်းသောပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊ ပြီးမြောက်အောင်ဆောင် ရွက်မည်ဟူသောတာဝန်ယူမှုများဖြင့် မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးချယ်လာခဲ့ကြသော လူငယ်ကိုယ်စားလှယ်များမှ လူငယ်မူဝါဒရေးဆွဲခြင်းကို သတ်မှတ်ကာလအတွင်းပြီးမြောက်အောင် ဆောင်ရွက်ကြပါဟု မှာကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events