နေပြည်တော်၊ နိုဝင်ဘာလ ၁၆ ရက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Korea Disabled People’s Development Institute အဖွဲ့ အစည်းမှ Program Specialist ဖြစ်သူ Mr. Kim Kwang- hee ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ၏အခွင့်အရေးများ အပြည့်အဝကာကွယ်မြင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ဥပဒေများအားလည်းကောင်း၊ နှစ်နိုင်ငံနိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို လည်းကောင်း၊ ဝန်ကြီးဌာန၏ သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနစင်တာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် မုန့်ဖုတ်လုပ်ငန်းများ၊ စားသောက်ဆိုင် (သို့မဟုတ်) ကော်ဖီဆိုင်များ ဖွင့်လှစ်၍ စျေးကွက်နှင့်ချိတ်ဆက်ပေးမည့်အလားအလာများအားလည်းကောင်း၊ လူမှုဝန်ထမ်း ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Social Work Institute ထူထောင်ရာတွင်လည်းကောင်း၊ မသန်စွမ်းသူများအတွက် နည်းပညာထောက်ကူသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ICT Center for Excellence ဖွင့်လှစ်ရာတွင်လည်းကောင်း၊ လူစွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင်လည်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပသည်။
ထိုနောက် ညနေ ( ၄:၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား United Nations Development Programme (UNDP) အဖွဲ့အစည်း မှ Country Director ဖြစ်သူ Mr. Peter Batchelor ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ ပြုစုထားသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှီငြမ်းဆောင်ရွက်နိုင်မည့် လမ်းညွှန်ချက်အား အာဆီယံအဆင့်လမ်းညွှန်အဖြစ် အသုံးပြုပြဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စများ၊ အဆိုပါလမ်းညွှန်ချက်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် UNDP မှ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးစီမံချက် (Myanmar Action Plan on Disaster Risk Reduction – MAPDRR) အား အသစ်ရေးဆွဲအကောင်အထည်ဖော်ရာတွင် UNDP မှ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ အဆိုပါလုပ်ငန်းစီမံချက်အား ဖွံ့ဖြိုးမှုမိတ်ဘက်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများအား မိတ်ဆက်ရှင်းလင်းနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။