လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

 mm22

နေပြည်တော်၊ နိုဝင်ဘာ ၉

       လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးအား ယနေ့ မွန်းလွဲ (၁) နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုဆောင်ရွက်မည့် မိခင်နှင့်ကလေးအား ငွေကြေးထောက်ပံ့မှု (Maternal and Child Cash Transfer – MCCT) အစီအစဉ်သည် မိခင်ဝမ်းတွင်းမှစ၍ မွေးဖွားပြီး (၂)နှစ်သားအရွယ်ထိ ရက်ပေါင်းတစ်ထောင် ကာလအတွင်း ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးရရှိစေ ပြီး ထိုဉာဏ်ရည် ဖွံ့ဖြိုးသော ကလေးများက အနာဂါတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်ပေးနိုင်လာမည်ဖြစ်သောကြောင့် အကောင်းဆုံး သော ရင်းနှီးမြှပ်နှံမှုတစ်ခု ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရက်တစ်ရာအလွန် ခြောက်လစီမံချက်တွင် ပါဝင်ဆောင်ရွက်မည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဖြစ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီဝင် များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ‌ပြောကြား ခဲ့ပါသည်။

၄င်း MCCT အစီအစဉ်ကို ချင်းပြည်နယ်တွင် စတင်ဆောင်ရွက်မည် ဖြစ်ပြီး ပထမ (၂) နှစ် တာ ကာလကို LiveLihood and Food Security Fund (LIFT Fund)၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်း တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို နိုင်ငံတော်အစိုးရ၏ ဘက်ဂျက်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ရှင်းလင်း‌ပြောကြား ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအသစ်ကို ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြပါ သည်။

ယနေ့နံနက်ပိုင်းတွင်လည်း ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ၀န်ကြီးရုံး မေခလာခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E. Mr.Hassan Bin Mohamed Rafei Al – Emadi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ကာတာနိုင်ငံအ‌ခြေစိုက် ကာတာ ဖောင်ဒေးရှင်းမှ ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ ကလေးသူငယ် များနှင့် မသန်စွမ်းသူများ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် ပြည်နယ် /တိုင်းဒေသကြီးများသို့ အကူအညီပေးရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events