နေပြည်တော်၊ နိုဝင်ဘာ (၈)
အိမ်တွင်းအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအမျိုးမျိုးခံစားနေရသော အမျိုးသမီးများအတွက် ပြဿနာများအား တစ်နေရာတည်းတွင် ကူညီဖြေရှင်းပေးနိုင်မည့်စင်တာ (One Stop women Support Center _ OSWSC) ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ယနေ့နံနက် (၀၉:၃၀) တွင် နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်ခံရမှုများ မရှိစေရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၄) ရပ်၊ အဓိကနယ်ပယ် (၁၂) ခုတို့နှင့် အကောင်ထည်ဖော်ဆောက်ရွက်လျက်ရှိကြောင်း၊ ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုပပျောက်ရေးကို နိုင်ငံတော်၏ တာဝန်ဝတ္တရား တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံမှ သဘောတူဆုံးဖြတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များကို Global Agenda အရ လုပ်ဆောင်သွားရမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ နောင်လာမည့် (၁၅) နှစ်အတွင်း အမြင့်ဆုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုရရှိစေရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေးသည် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းမှစ၍ ကဏ္ဍပေါင်းစုံတွင် ကျား၊ မ မခွဲခြားဘဲ တန်းတူညီမျှ အခွင့်အလမ်းရရှိစေမည့်အပြင် အမျိုးသမီးများစွမ်းပကား တိုးမြှင့်နိုင်စေရေးတို့ကိုလည်း ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
စင်တာအား လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ရန်ကုန်မြို့၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းတွင် ထူထောင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိပြီး အဆိုပါသင်တန်းကျောင်းတွင် အိမ်တွင်း အကြမ်းဖက်ခံရသော အမျိုးသမီးလေးများ၊ လူကုန်ကူးခံရသော အမျိုးသမီးများနှင့် ဥပဒေအရ ငြိစွန်းနေသော ကလေးများကို လက်ခံစောင့်ရှောက်ထားပါကြောင်း၊ ယနေ့ကျင်းပသောအစည်းအဝေးတွင် ဦးစီးဌာနမှ ပြင်ဆင်ထားသော Guide Line နှင့် TOR၊ Case Management Issue Form ပုံစံမူကြမ်းများကိုလည်း လက်တွေ့အသုံးပြုနိုင်အောင် ဝိုင်းဝန်းဖြည့်စွက်ပေးကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား တစ်နေ့တာကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင် ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ လက္ခံစောင့်ရှောက်ရာတွင် အသုံးပြုမည့်ပုံစံများ၊ လုပ်ငန်းလမ်းညွှန်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။