လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပသည့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အာရှဝန်ကြီးများအဆင့်ညီလာခံသို့ တက်ရောက်လျက်ရှိရာ (၃-၁၁-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေး ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။
(၄-၁၁-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံ မြန်မာသံရုံးသို့ သွားရောက်ပြီး သံရုံးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ညီလာခံပြခန်းများခန်းမတွင် ပါဝင်ပြသထားသော မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းငယ်သို့သွားရောက်ပြီး မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုများ၊ သင်တန်းများတွင် အသုံးပြုနေသောသင်ရိုးညွှန်းတမ်းများ၊ သဘာဝဘေးအန္တရာယ်ဆန်းစစ် လေ့လာမှုရလာဒ်များ စသည်တို့ကို ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ညီလာခံ၏ ဆွေးနွေး ပွဲ အားလုံးမှရလာဒ်များအား အကျဉ်းချုံး ရှင်းလင်းသောဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
(၅-၁၁-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပထမအကြိမ်ကမ႓္ဘာ့ဆူနာမီ အသိပညာပြန့်ပွားရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အာရှဝန်ကြီးအဆင့်ညီလာခံ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသော သဘာဝဘေး အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ထုတ်ပြန်ထားသော ဥပဒေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ နိုင်ငံတော်မှ ဦးဆောင်ဆောင်ရွက်နေမှုများ၊ အာဆီယံနှင့်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ စသည်တို့ကို ဆွေးနွေးခဲ့ပါသည်။
ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မွန်ပြည်နယ် စီမံ/ဘဏ္ဍာနှင့် လဝက ဝန်ကြီး ဦးဝဏ္ဏကျော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမြသူ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသဘာဝအန္တရာယ်လျော့ချရေးအတွက် ဆောင်ရွက်နေသော UN/ INGO/ NGO/ CSO များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။