နေပြည်တော် နိုဝင်ဘာ ၁
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၁၆) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။
ဒုတိယသမ္မတက ၂၀၁၆ ခုနှစ် သဘာဝဘေး ဖြစ်ပွားခဲ့မှု ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်ပါက အယ်နီညို ရာသီဥတုနှင့် ဆက်စပ် ဖြစ်ပေါ်ခဲ့သည့် ရေရှားပါးပြတ်လပ် မှုတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်သူကိုမျက်မှောက်ပြု၍ ပံ့ပိုး ကူညီခဲ့ကြသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရေရှည်အတွက် ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ ဖော်ထုတ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးသီး ကြွေကျ မှုနှင့် လေပြင်း တိုက်ခတ်မှု ဖြစ်စဉ်များတွင် နေရာအနှံ့ ကျယ်ပြန့်စွာ ဘေးသင့်ခဲ့မှုကြောင့် ဘေးသင့်ချိန်နှင့် ထောက်ပံ့ချိန် ကွာခြားမှု နည်းရန် ကြိုးစား ဆောင်ရွက်မှု ခက်ခဲခြင်း၊ ဘေးဒဏ်ခံ နေအိမ်များ ဆောက်လုပ်ရန် လိုအပ်ချက် ပိုမို ပေါ်လွင်ခြင်း တို့ကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း။
ပြီးခဲ့သည့်လက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ခဲ့သောအမြန်ရေယာဉ်နစ်မြုပ်မှုတွင် နိုင်ငံ့ဝန်ထမ်းများ၊ ခရီးသွားပြည်သူများ၏ အသက်များမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်ကို တွေ့ရှိကြမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးစသည့် ရေလမ်းကြောင်း အလေးထားအသုံးပြုရသော အရပ်ဒေသ များတွင် အလားတူဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ထိုကြောင့် အလားတူ ဖြစ်စဉ်များ မဖြစ်ပွားရန် ဆက်နွယ်ပတ်သက်သူများက လိုအပ်သည့်စည်းမျဉ်း စည်းကမ်းများ၊ ကြီးကြပ် ကွပ်ကဲမှုများ ဆောင်ရွက်သွားရန်လိုအပ်သည်ကို အလေးနက်ထား ပြောကြားလိုပါကြောင်း ပြောကြားသည်။
ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး သဘာဝ ဘေးအန္တရာယ် နှင့် ပတ်သက်၍ ပြန်လည် ထူထောင်ရေးဆောင်ရွက် ရန် ငွေကျပ် ၂၂ ဘီလီယံ ကျော်ကို တင်ပြထား ပြီးရရှိလာမည့် ဘဏ္ဍာငွေများကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အတွေ့အကြုံများကိုအခြေခံ၍ လာမည့်အနာဂတ်ကာလ အတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုနှင့် ကြုံတွေ့ရမည့် အခက်အခဲများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်မည် ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးတွင်လည်း အတွေ့အကြုံကောင်း တစ်ခုအနေဖြင့် မှတ်ယူပြီး အကောင်းဆုံး ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းပြီး အမျိုးသားရေးတစ်ရပ် အနေဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပါက ယခု ပြဿနာများကို ရင်ဆိုင် ကျော်လွှားဖြတ်သန်းကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
Source: Myanmar President Office