အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တတိယအကြိမ် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ (3rd UN World Conference for Disaster Risk Reduction ) တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ၊ ဆန်းဒိုင်မြို့သို့ မတ်လ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့ထိ သွားရောက်ခဲ့ပါသည်။
မတ်လ (၁၃) ရက်နေ့တွင် ဆန်းဒိုင်မြို့၊ Meysen Academy Schools သို့ရောက်ရှိပြီး မူကြိုအရွယ်ကလေးများကို အင်္ဂလိပ်စာသင်ကြားပေးနေမှု အတွင်းသင်ယူမှုနေရာများ၊ အပြင်သင်ယူမှုနေရာများ၊ အတွင်းအားကစားဝင်းအပြင် အားကစားဝင်းတို့ကို ကြည်ရှု့ပါသည်။ ထို့နောက် အစည်းအဝေးခန်းမ၌ ၂၀၁၁ ခုနှစ်၊ မတ်လ၌ ကျရောက်ခဲ့သော ငလျင်ဒဏ်နှင့် ဆူနာမီလှိုင်းများကြောင့် ပျက်ဆီးခဲ့ခြင်းများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှု ဗွီဒီယိုအား ကြည့်ရှု့ပြီး နှစ်နိုင်ငံကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။
မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် Sendai International Centre ၌ ဂျပန်နိုင်ငံ ဘုရင်မင်းမြတ်နှင့် မိဖုရား၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘာ့နိုင်ငံအကြီးအကဲများ (၂၀) ဦးကျော်နှင့် ဝန်ကြီးများ (၇၀) ဦးအပါအဝင် နိုင်ငံပေါင်း (၁၈၀) ကျော်မှ ကိုယ်စားလှယ် (၇၀၀၀) ဦးကျော်တက်ရောက်သော တတိယအကြိမ် သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။ ဆက်လက်၍ Metropolitan Hotel ၌ ညီလာခံအထိမ်းအမှတ် ဂျပန်နိုင်ငံ ဘုရင့်နန်းတော်မှ ပေးပို့သော ဝက်သစ်ချသီး ပျိုးပင်အား သတ်မှတ်ထားသောနေရာတွင် စိုက်ပျိုးပေးပါသည်။ ညပိုင်းတွင် ဆန်းဒိုင်မြို့၊ မြို့တော်ဝန်မှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ပါသည်။
မတ်လ (၁၅) ရက်နေ့၊ မွန်းလွဲပိုင်းတွင် Exhibition Hall 2 ၌ Country Official Statement ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥဒေများ ပြဌာန်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တည်မြဲအမိန့်ထုတ်ပြန်ထားမှု အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာန ဖွင့်လှစ်ထားရှိမှု၊ နိုင်ငံတော်သမ္မတကြီးလမ်းညွှန်ချက်အရ ဟင်္သာတမြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကို အမြန်ဆုံးဖွင့်လှစ်ရေးဆောင်ရွက်ထားမှု အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန ရန်ပုံငွေနှင့် အာဆီယံ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ ရန်ပုံငွေများအား နှစ်စဉ်ထည့်ဝင်ထားရှိမှု ၂၀၁၅ ခုနှစ် အလွန် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ မူဘောင်အား ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် UN-Habitat မှ အမှုဆောင်အရာရှိချုပ် Mr. Joan Clos တွေ့ဆုံပြီး သဘာဝဘေးဒဏ်ခံစားရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ Build Back Better နှင့်စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ခုအကြား ဆွေးနွေးကြပါသည်။
မတ်လ (၁၆) ရက်နေ့တွင် ဆန်းဒိုင်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းများအား ကြည့်ရှုပါသည်။ ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. David Kaatrud နှင့်တွေ့ဆုံပြီး အရေးပေါ်ကာလ ရိက္ခာထောက်ပံ့ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နေမှုများအား ဆွေးနွေးပါသည်။
မတ်လ (၁၇) ရက်နေ့တွင် Sendai International Center , Room 1&2 ၌ ကမ္ဘာ့နိုင်ငံပေါင်း (၂၀) မှ ဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး Public Investment Strategies for Disaster Risk Reduction ခေါင်းစဉ်အား ဆွေးနွေးရာတွင် ဒုတိယသမ္မတဦးဆောင်သော အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဖွဲ့စည်းထားမှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါလုပ်ငန်းများနှင့် ရပ်ကွက်/ ကျေးရွာအခြေပြု သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးပါသည်။ ထို့နောက့် Help Age မှ ညွှန်ကြားရေးမှူး Mr. Godfred Paul ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံပြီး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး သက်ကြီးရွယ်အိုများအတွက် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပါသည်။
မတ်လ (၁၈) ရက်နေ့တွင် ညီလာခံပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံမှ ၂၀၁၅ ခုနှစ်အလွန် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများမူဘောင်အား အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။