မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄)

မုန်တိုင်းငယ်အ‌ခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်နောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် (၂၁၅)မိုင်ခန့်၊ ပါရာဒစ်မြို့၏ တောင်-အနောက်တောင်ဘက် မိုင် (၃၆၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ဆက်လက် ရွေ့လျားရာမှ၊ နောက် (၁၂)နာရီအတွင်း အရှေ့မြောက် ဘက်သို့ ကွေ့ကာ၊ ဦးတည်ရွေ့လျားပြီး၊ နောက် (၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅:၃၀) နာရီအချိန်တွင်မြောက်လတ္တီကျု (၁၄.၅) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၀) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

(က) အဆိုပါမုန်တိုင်းငယ်သည် နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရ ပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

(က) မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

Source : DMH

Sign Up

Upcoming Events