လောက်ကိုင်ဒေသတိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

လောက်ကိုင်ဒေသတိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို မတ်လ (၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ဦးဝင်းရွှေက အလှူရှင်အားလုံးကိုယ်စား လှူဒါန်းရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပါသည်။ အစီအစဉ်အရ နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ (၂၀) သိန်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီး၊ အလယ်အလတ်အဆင့် (အရာထမ်း) စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅၄) သင်တန်းသား/သင်တန်းသူများမှ (၂) သိန်း၊ ဦးကျော်ကျော်စိုး (ဒုတိယညွှန်ကြားရေးမှူး)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ (၁) သိန်း၊ လားရှိုးမြို့နှင့် ရန်ကုန်မြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးများသို့ လာရောက်လှူဒါန်းငွေ (၃၆.၉) သိန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားခဲ့သော ကျန်တပ်မတော်သားများအတွက် (၃၀) သိန်း၊ စုစုပေါင်း (၈၉.၉) သိန်းကျပ်နှင့် အသုံးအဆောင်ပစ္စည်းများအား အလှူရှင်များက ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ဝန်ကြီးဌာနအနေနဲ့ ဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့မှုပေးနေသလို ပြည်သူလူထုများမှ လှူဒါန်းတဲ့ အလှူငွေနဲ့ ပစ္စည်းများကို လက်ခံရယူပြီး ဘေးဒုက္ခသည်များထံသို့ ဆက်လက်ထောက်ပံ့ပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ယခုအချိန်ထိ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ငွေသားနှင့် ပစ္စည်းထောက်ပံ့မှုစုစုပေါင်း (၈၇၁.၄၄) သိန်းကျပ်အား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့နေရာများမှာ ထောက်ပံ့သွားဖို့ အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ ယခုလိုစာနာစိတ်အပြည့်အဝနဲ့ အလှူငွေများကို လာရောက်လှူဒါန်းခြင်းအတွက် သက်ဆိုင်သူစေတနာရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ လှူဒါန်းရရှိပြီးဖြစ်တဲ့ အလှူငွေများနှင့် ပစ္စည်းများကို လောက်ကိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် အုပ်ချုပ်မှုအထောက်အကူကော်မတီမှတဆင့် ဘေးသင့်ပြည်သူတွေထံ အမြန်ဆုံးရောက်ရှိအောင် ဆက်လက်ပေးပို့ထောက်ပံ့သွားမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events