လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဝန်ကြီးဌာနလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခြင်းနှင့် ရက်(၁၀၀) အလွန် စီမံချက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးမှုသတင်း

2_pic01 2_pic02

ပြည်သူတို့၏ လူမှုဘဝလုံခြုံဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လုပ်ဆောင်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော မစန်းကေခိုင်နှင့် မသဇင်တို့ (၂) ဦးကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်မြင့်က လူနာ (၂) ဦးနှင့်ပတ်သက်၍ ခွဲစိတ်ကုသပြီးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နတ်မောက်လမ်းရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ ရောက်ရှိပြီး သင်တန်းသူများကို သက်မွေးပညာသင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုပြီး အမျိုးသမီးများဘဝလုံခြုံမှုရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးနို်င်ရေး၊ သက်မွေးအတတ်ပညာများကျွမ်းကျင် တတ်မြောက်ရေးနှင့် အာဟာရမျှတစွာ ကျွေးမွေးပြုစုနိုင် ရေးတို့ကို မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်းသို့ ရောက်ရှိပြီး၊ နားမကြားသောကလေးငယ်များကို လက်သင်္ကေတပြသင်ကြားပေးနေမှုအခြေအနေ၊ နားမကြားသောကလေးသူငယ်များကို နားကြားကိရိယာတပ်ဆင်ပေးပြီးနောက် စကားပြောနိုင်ရေးကုထုံးနည်း (Speech Therapy) သင်ကြားမှုနှင့် ဆရာ၊ ဆရာမများအတွက် သင်ကြားလေ့ကျင့်မှုများကိုလည်း လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ရမည့် ရက် (၁၀၀) အလွန် (၆) လစီမံချက်ပါလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၅) ကြိမ်မြောက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အာရှဝန်ကြီးများအဆင့် ညီလာခံသို့ တက်ရောက်ရန် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events