လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၂၈) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်သို့ ရောက်ရှိပြီး မီးဘေးသင့်ပြည်သူများအား ကြည့်ရှုကာ ခါတော်မီဘုန်းတော်ကြီးကျောင်း၌ စေတနာညကျောင်းအတွက် (၁) သိန်းကျပ်၊ မီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀.၅) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၁၃.၉) သိန်းကျပ်၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသော INGOs များနှင့် ပုဂ္ဂလိကအလှူရှင်များမှ (၉.၆) သိန်း၊ စုစုပေါင်းငွေသား (၁၂၅.၀၁) သိန်းကျပ်နှင့် (၄၃.၃၁) သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးပြီး မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပါသည်။
ထို့နောက် နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိတ်မကျေးရွာသို့ ရောက်ရှိ၍ ဘုန်းတော်ကြီးကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် အမှာစကားပြောကြားပြီး ဆိတ်မကျေးရွာ ကမ်းနားကွန်ကရစ်လမ်းနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းတို့ ပြုလုပ်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ပါသည်။ ထို့နောက် အမာမြို့၊ နောက်မီးကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၃) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၁.၁၅) သိန်းကျပ်နှင့် သေဆုံးကလေး (၁) ဦးအတွက် (၅) သောင်းကျပ်တို့အား သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသော ပြည်ပအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုဖြစ်သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများအား အောင်သာယာကျေးရွာ၌ ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် အောက်ကွင်းကျေးရွာသို့ ရောက်ရှိကာ ကျေးရွာကွန်ကရစ်လမ်းအတွက် ထောက်ပံ့ငွေပေးအပ်ပါသည်။
မတ်လ (၁) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာသို့ ရောက်ရှိကာ ၂၀၁၅ ခုနှစ်၊ တောင်သူလယ်သမားနေ့အကြို အထိမ်းအမှတ်အခမ်းအနားဖြစ်သော အ.ထ.က၊ ကျုံကျိုက်စာစစ်ဌာနဖွင့်ပွဲ၊ ကျုံကျိုက် – ကြံခင်းကျေးရွာချင်းဆက်ကွန်ရစ်လမ်းဖွင့်ပွဲနှင် ကျုံကျိုက်ဆိပ်ခံ တွဲစီဘီ-၄၉ တွဲယာဉ်ဖွင့်ပွဲများကို တက်ရောက်အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ကျုံကျိုက်ကျေးရွာ လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် ဒီဇယ်မီးစက်နှင့် ကျုံကျိုက် – ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းတို့အတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာကျေးရွာလူကြီးများထံ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒေးဒရဲမြို့သို့ရောက်ရှိကာ တိုက်ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ လူမှုစီးပွားဘဝများတိုးတက်စေရေးနှင့် နာဂစ်မုန်တိုင်းလွန် ပျက်စီးယိုယွင်းမွမ်းမံပြုပြင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ကာ ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။