အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၉)

အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်မြောက်ဘက် (၁၄၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက် – အနောက်မြောက်ဘက် (၁၅၅)မိုင်ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၅၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက် – အနောက် တောင်ဘက် (၂၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ) အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိတော့သဖြင့် အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

နောက် (၂၄) နာရီအတွင်း ခန့်မှန်းချက်

(က) အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး အနောက်- အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၆.၁၀.၂၀၁၆)ရက်နေ့မှ (၂၇.၁၀.၂၀၁၆)ရက်နေ့အတွင်း နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာကာ နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။

Source: DMH

Sign Up

Upcoming Events