အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၅)

အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၁းဝ၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၅)

အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ

ယနေ့မြန်မာစံတော်ချိန်(၁ဝး၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက် – အနောက်မြောက်ဘက် (၁၃၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် – အနောက်မြောက် ဘက် မိုင်(၇၀)ခန့်၊ ပုသိမ်မြို့၏ အနောက် – အနောက်တောင်ဘက် မိုင်(၉၀)ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက် – အနောက်တောင်ဘက် (၁၇၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသ)တို့နှင့် နီးကပ်နေပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁ဝး၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး ပြန်ကွေ့ကာ မြောက် – အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်း (မြစ်ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသ)အနီးသို့ ရောက်ရှိနေပါသဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် (၂)ပေမှ (၅)ပေခန့်အထိ မြင့်တက်နိုင်ပါသည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၅.၁၀.၂၀၁၆)ရက်နေ့မှ (၂၇.၁၀.၂၀၁၆)ရက်နေ့အတွင်း နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင်‌့ သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events