အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၁)

မုန်တိုင်းငယ်သတိပေးချက်
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ

ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် (၈၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် (၁၅၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် (၂၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသများ)နှင့် နီးကပ်နေပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် နောက်(၁၂)နာရီအတွင်း ပိုမိုအား ကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ ဦးတည်ရွေ့လျားပြီးနောက် ပြန်ကွေ့ကာ မြောက် – အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်း (မြစ်ကျွန်းပေါ်ဒေသ)အနီးသို့ ရောက်ရှိစဉ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် (၇)ပေမှ (၁၀)ပေခန့်အထိ မြင့်တက်နိုင်ပါသည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၄.၁၀.၂၀၁၆)ရက်နေ့မှ (၂၇.၁၀.၂၀၁၆)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွနြ်ပည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင်‌့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်း ကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events