လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့သို့ ရောက်ရှိပြီး လောက်ကိုင်ဒေသတိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် လူသားချင်းကိုယ်ချင်းစာနာမှုအကူအညီများ ပေးအပ်ပါသည်။
ရှေးဦးစွာ လားရှိုးမြို့၊ အ.ထ.က (၁) သို့ သွားရောက်ကာ အဆိုပါကျောင်းတွင် ခေတ္တခိုလှုံလျက်ရှိသော ကျောင်းဆရာ/ ဆရာမများအတွက် ကျပ် (၂၈) သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်စရာများကို ထောက်ပံ့ပေးပြီး ဆရာ/ ဆရာမများကို အားပေးသကားပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်အတွက် အသက်ပေးစွန့်လွှတ်ခဲ့သော တပ်မတော်သားများ၏ ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ငွေသိန်း (၁၀၀) ကျပ်၊ ရွှေ့ပြောင်းတပ်မတော်မိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ် (၄၀) သိန်းနှင့် (၅၅) သိန်းကျပ်ခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများနှင့် စားစရာများ၊ နိုင်ငံတော်အတွက် အသက်ပေးစွန့်စားခဲ့သော ရဲအရာရှိ၏ ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ (၂) သိန်းကျပ်၊ ရွှေ့ပြောင်းရဲတပ်ရင်းမိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်း၊ (၇) သိန်းကျပ်ခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများနှင့် စားစရာများကို သက်ဆိုင်သူများထံ လှူဒါန်းထောက်ပံ့ပေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ သာမန်အချိန်တွင်ဓမ္မာရုံအဖြစ် အသုံးပြုပြီး၊ ဘေးအန္တရာယ်ကျရောက်လာပါက ဘက်စုံသုံးခန်းမ (Community Shelter) တည်ဆောက်ရန် မတည်လှူဒါန်းငွေ သိန်း (၁၀၀) ကျပ်ကို မန်ဆူရှမ်းကျောင်း ဆရာတော်ကြီးထံ လှူဒါန်းပါသည်။ ထို့နောက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနသို့ ရောက်ရှိပြီး၊ ကျန်းမာရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး၊ တိုက်ပွဲရှောင်ကျန်းမာရေးဝန်ထမ်းများအတွက် ကျပ် (၅) သိန်းခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်ကာ စစ်ဘေးသင့်လူနာများကို ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လောက်ကိုင်ဒေသ စစ်ဘေးသင့်သူများအား အရေးပေါ်ကူညီကယ်ဆယ်မှုလုပ်ငန်းများအတွက် ယနေ့အချိန်ထိ ထောက်ပံ့ငွေ စုစုပေါင်း (၃၀၃.၅) သိန်းကျပ်နှင့် ကျပ် (၉၆) သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။