လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ ရောက်ရှိပြီး (၉) ရပ်ကွက်၊ သီရိသုခတိုက်သစ်ဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀) ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ဂုဏ်ပြုပွဲ အထိမ်းအမှတ်အနေဖြင့် (၃၆) ပတ်ကြာ တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ခဲ့သော ဓမ္မစကူးလ်ဗုဒ္ဓဘာသာသင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ကလေးသူငယ်များကို သြဝါဒစကားပြောကြားကာ ဆုရရှိသူများကို ဆုများပေးပါသည်။ ဆက်လက်၍ စေတနာ့ညကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ပါသည်။ ထိုမှတဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ချုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများနှင့် မြို့မိ၊ မြို့ဖများကို တွေ့ဆုံ၍ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး ဆရာ/ဆရာမများအတွက် လိုအပ်သည်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အစီအစဉ်အရ အမာမြို့၊ ဘဝသစ် (၁) ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် လေးပင်ကျောင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများအားလည်းကောင်း၊ အမာမြို့၊ ကမ်းသာယာကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၁၃) စုအတွက် ထောက်ပံ့ငွေအားလည်းကောင်း၊ ဖျာပုံခရိုင်အထွေထွေရောဂါကုဆေးရုံကြီး၌ လူနာစောင့်များအသုံးပြုရန် သန့်စင်ခန်း (၂) ခန်း ဆောက်လုပ်ရန်အတွက်လည်းကောင်း၊ ဖျာပုံခရိုင်အတွင်း မသန်စွမ်းသူများပြန်လည်ထူထောင်ရေးအတွက် ဘီးတပ်ကုလားထိုင် (Wheel Chair) များအားလည်းကောင်း သက်ဆိုင်သူများထံသို့ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။ ထိုမှတဆင့် ဒေးဒရဲမြို့သို့ ထွက်ခွာပြီး တိုက်ကျောင်းဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သံဒိကျေးရွာအုပ်စု၊ ကျုံဒရယ်ကျေးရွာ၌ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော သောက်ရေကန်များအား ပြန်လည်တူးဖော်ရန် ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။