အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဂျပန်နိုင်ငံ၊ Ministry of Land, Infrastructure, Transport and Tourism (MUT) မှ Parliamentary Vice- Minister ဖြစ်သူ H.E Mr.Kenichiro Ueno ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ယင်းသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပြဌာန်းထားရှိမှုနှင့် နည်းဥပဒေ ပါလုပ်ငန်းများ၊ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးစီမံချက်နှင့် တည်မြဲအမိန့်ပါလုပ်ငန်းများ၊ အရေးပေါ်အခြေအနေ ကွပ်ကဲမှုဗဟိုဌာန ဖွင့်လှစ်ထားရှိမှု၊ လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ ပထမဆုံး တစ်ခုတည်းသော ဟင်္သာတမြို့ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် စီမံချက်တွင်ပါဝင်သော သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဂျပန်နိုင်ငံ၊ ဆန်းဒိုင်မြို့တွင် ကျင်းပပြုလုပ်မည့် တတိယအကြိမ် သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဖွဲ့အစည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဘုန်းဆွေနှင့် ဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။